အ၀ိဝါဒံ ခေမတော ဆွေးနွေးညှိနှိုင်း သဘောတူခြင်းသည် ငြိမ်းချမ်းခြင်းသို့သာ ဦးတည်၏။

Saturday, July 5, 2008

နောက်ထပ်အာဏာသိမ်းမှုတွေမလိုပါ

(United Press International မှာ ဖော်ပြထားတဲ့ Let us not praise coups–Awzar Thi ကို ဆီလျှော်အောင်ဘာသာပြန် တင်ပြလိုက်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကိုဘယ်လို အဖြေရှာမလဲဆိုတာနဲ့ပတ်သက်ပြီး အစိုးရကို ဆန့်ကျင်နေသအ ချို့ကတော့ တပ်ထဲက ပြုပြင်ပြောင်းလဲရေး လိုလားသူတွေက အာဏာသိမ်းတာကြောင့် ထွက်ပေါက် အဖြေရနိုင်တယ်၊ ဒါ့ကြောင့် တပ်တွင်းမှာစည်းရုံးကြလို့ ပြောကြပါတယ်။ဒီနည်းဟာ ဖြစ်နိုင်ပါ့မလား။ ဖြစ်နို်င်တယ်ထား အကျိုးရှိပါ့မလား ဆိုတာကို ဒီဆောင်းပါးလေး က အဖြေပေးနိုင်မယ် ထင်ပါတယ်။ Revolution နဲ့ Evolution , Constitutional Change နဲ့ Regime Change ဘယ်ဟာက ပိုသင့်မလဲဆိုတာ စဉ်းစားဖို့အတွက် အထောက်အကူ ဖြစ်မယ်လို့လဲထင်ပါတယ်။)

ဇွန်လ ၂၂ ရက်နေ့ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာမှာ မြန်မာနိုင်ငံနဲ့ ဇင်ဘာဘွေနိုင်ငံတွေမှာ တပ်မတော်အရာရှိတွေက အာဏာရှင်တွေကို ဖြုတ်ချပြီး သူတို့နိုင်ငံတွေကို လွတ်လပ်တဲ့ကမ္ဘာကြီးနဲ့ ပြန်လည်ပေါင်းစည်းမိအောင် လုပ်ပေးရင် ကောင်းမယ်ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ပါလာတယ်။

ကျွန်တော်တို့က အာဏာသိမ်းတာတွေကို နိုင်ငံတကာစနစ်ထဲက ထုတ်ပယ်ပြစ်ဖို့ ကြိုးစားမယ့်အစား ဒါကို ထိန်းကျောင်းပြီး ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာအောင် လုပ်ဖို့သင့်တယ်လို့ ဆောင်းပါးရှင် Paul Collier က မြန်မာနဲ့ ဇင်ဘာဘွေ အခြေအနေတွေကိုညွှန်းပြီး ပြောသွားပါတယ်။ ဒီလိုပြောတာ အဆန်းတော့မဟုတ်ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာကထဲက အာဏာသိမ်းသူ တွေဟာ သူတို့ အာဏာသိမ်းရတာဟာ ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးဖို့ဖြစ်တယ်လို့ ပြောနေခဲ့တာပါ။ ပါကစ္စတန်ကအစ၊ ဖိလစ်ပိုင်အဆုံး အာရှနိုင်ငံများက ပြည်သူတွေဟာ ဒီလို ပြောတာကို လက်ခံဖို့အတွက် အတင်းအကျပ် လုပ်တာတွေ ခံခဲ့ရပြီးပါပြီ။

မြန်မာပြည်သူတွေလဲဒီလိုပါပဲ။ အာဏာသိမ်းတာဟာ ကျိန်စာသင့်တာမဟုတ်ဘူး၊ ဆေးကုပေးတာသာဖြစ်တယ်လို့ အပြောခံခဲ့ရပြီးပါပြီ။ ၁၉၅၈ ခုနှစ်တုံးက တပ်မတော်အရာရှိတွေက ပြဿနာတွေ ကြုံနေတဲ့ဝန်ကြီးချုပ်ကို တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူး၊ အာဏာလွှဲပေးပါလို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီအိမ်စောင့်အစိုးရက လွတ်လပ်ရေးရပြီး ဆယ်နှစ်အတွင်းမှာ အဂတိလိုက်စားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ အရည်အချင်းမရှိမူတွေကြောင့် ပြဿနာတွေပေါ်နေတဲ့ အရပ်သားအစိုးရထက် ပိုပြီး ထက်ထက်မြက်မြက် ကောင်းကောင်းမွန်မွန် အုပ်ချုပ်နိုင်တယ်ဆိုတာကို ပြနိုင်ခဲ့တယ်။ ဥပဒေ စိုးမိုးရေးကို လုပ်နိုင်ခဲ့တယ်လို့ အခုအချိန်ထိ ချီးမွမ်းခံရတုံးပဲ။

ဒါပေမယ့် ၁၉၆၀ ခုနှစ်မှာ အာဏာပြန်လွှဲပေးတော့ အဲဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာက စစ်တပ်ကထောက်ခံတဲ့ ကိုယ်စားလှယ်တွေ မဟုတ်ဘူး။ လူတွေက အရင်အစိုးရဟောင်းကိုပဲ ပြန်ရွေးခဲ့တယ်။ သာမန်ပြည်သူတွေက စီးပွားရေးပညာရှင်တွေလို စစ်အစိုးရရဲ့ စည်းကမ်းတွေကို သိတ်ကြိုက် ပုံမရဘူး။ ဒါပေမယ့် ဗိုလ်ချုပ်နေ၀င်းကိုတော့ ငြိမ်းချမ်းစွာ အာဏာလွှဲပေးတဲ့အတွက် ချီးကျူးခဲ့ကြတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် ကျတော့ သူတစ်ခါပြန်ပြီး အာဏာသိမ်းခဲ့တယ်။ ဒီတစ်ခါတော့ အာဏာပြန် မပေးတော့ဘူး။ မြန်မာနိုင်ငံမှာ နောက်ထပ်ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ နှစ်သုံးဆယ်လောက် စောင့်လိုက်ရတယ်။ အဲဒီအခါမှာလဲ ဟိုတုံးကလိုပဲ သူတို့ထင်သလို မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ စစ်တပ်က ဟန်ဆောင်ပန်ဆောင်တောင် လွှဲမပေးတော့ဘူး။

၁၉၆၀ ပြည့်လွန်နှစ်တွေတုံးကရော၊ နှစ်ပေါင်းငါးဆယ်လောက်ကြာလာတဲ့ အခု အချိန်မှာရော ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ မျက်စိမှောက်နေတာက အာဏာသိမ်းတယ်ဆိုတာဟာ အလေ့အထ ဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ပါဘဲ။ တကယ်တော့ စစ်တပ်က အာဏာသိမ်းတဲ့ အရသာကိုသိသွားရင် လွယ်လွယ်နဲ့ လက်မလွှတ်ချင်တော့ပါဘူး။ ဒီလိုပဲ ထပ်ခါထပ်ခါ ဖြစ်နေခဲ့တာကြာပါပြီ။ နောက်ဆုံး ရောဂါပျောက်ဖို့ ဆေးရှာတယ်။ ဆေးကြောင့် ရောဂါပိုဆိုးသွားတယ်။ ဆေးအတွက်လေးရတဲ့အဖြစ် ရောက်သွားတာပါပဲ။

မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေလဲ ဒီလိုသင်ခန်းစာတွေအများကြီး ရခဲ့ပြီးပါပြီ။ လူမှုရေးနဲ့ နိုင်ငံရေး အခြေအနေတွေ ကွဲပြားနေပေမယ့် ထိုင်းနိုင်ငံဟာလဲ ၂၀၀၆ ခုနှစ်မှာ ၁၈ ကြိမ်မြောက် စစ်တပ်အုပ်ချုပ်မှုအောက် ရောက်ခဲ့ရသေးတယ်။ ထိုင်းမီဒီယာတွေက မကြားစဖူး ဒီအာဏာသိမ်းမှုကို ကောင်းမွန်တဲ့ အာဏာသိမ်းမှုဆိုပြီး ချီးမွမ်းခန်းဖွင့်ခဲ့သေးတယ်။ ထိုင်းအာဏာသိမ်းမှုမှာလဲ ထုံးစံအတိုင်း သူတို့ဟာ ဖြုတ်ချလိုက်တဲ့အစိုးရထက် အုပ်ချုပ်ရေးနဲ့ စီးပွားရေးကို ပိုပြီးကောင်းအောင် လုပ်နိုင်တယ်လို့ ပြောတာပါပဲ။ ထိုင်းတွေကတော့ မြန်မာနိုင်ငံက ဗိုလ်ချုပ်တွေလို တိုက်ရိုက်အုပ်ချုပ်တာ မလုပ်ဘဲ ကျွမ်းကျင်တဲ့အရာရှိတွေကို ခန့်ထားပြီး အုပ်ချုပ်ခဲ့တယ်။

ဒါပေမယ့်လဲ သူတို့လဲ ဘာမှပိုကောင်းအောင် လုပ်မပြနိုင်ပါဘူး။ ရွေးကောက်ပွဲလုပ်တော့ သူတို့ ဖယ်ရှားဖို့ ကြိုးစားလိုက်တဲ့ လူတွေပဲ ပြန်နေရာရလာတယ်။ ဒါ့အပြင် ၁၉၉၀ ပြည့်လွန်နှစ်တွေတုံးက ရထားတဲ့ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ စနစ်ကိုတောင် ဖျက်လိုဖျက်ဆီး လုပ်လိုက်သေးတယ်။ ပြည်သူ့ဘဏ္ဍာတွေကို သူတို့အိပ်ထဲအပြည့်ထည့်၊ ပြည်သူ့ရေးရာ အဖွဲ့အစည်း အတော်များများကိုလဲ ဖရိုဖရဲဖြစ်အောင် လုပ်ပစ်ခဲ့တယ်။ ဒါ့ကြောင်လဲ ထိုင်းနိုင်ငံရေးအခြေအနေဟာ ဒီနေ့အထိ ပွက်လောရိုက်နေတုံးပဲ ဖြစ်နေတာ ဘာမှအံသြစရာမရှိဘူး။ နောက်ပြီး သိတ်မကြာခင် စစ်တပ်က ထပ်ပြီး အာဏာသိမ်းဦးမယ့် အခြေအနေလဲရှိနေသေးတယ်။

မြန်မာနိုင်ငံက အသက်ပေါင်းများစွာအတွက် အန္တရာယ်ရှိတဲ့ ကြေကွဲအဖြစ်ဆိုးတွေနဲ့ အမြဲရင်ဆိုင်နေရတဲ့ နိုင်ငံဖြစ်တဲ့အတွက် ပေးဆပ်ရမယ့် တန်ဖိုးက ပိုကြီးတယ်။ အခုထိလဲ စပါးတွေကို အချိန်မီ ပြန်မစိုက်နိုင်ရင် အငတ်ဘေးနဲ့ကြုံမယ့် အန္တရာယ်က ရှိနေတုံးပဲ။ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အမှားမှားအယွင်းယွင်း ကိုင်တွယ်ပုံတွေက Paul Collier အပါအ၀င် လူအတော်များများကို သူတို့ နကန်းတစ်လုံးမှ မသိတဲ့နိုင်ငံအကြောင်းကို ရေးလာအောင် လှုံ့ဆော်ပေးခဲ့တာပဲ ဖြစ်တယ်။

ဒီလိုအကြောင်းတွေကြောင့် စစ်အစိုးရကို ဆန့်ကျင်နေသူတွေ နှစ်ပေါင်းများစွာ မျှော်လင့်နေခဲ့တဲ့ အာဏာသိမ်းမှု ဖြစ်လာနိုင်လား ဆိုတာက အရေးမကြီးဘူး၊ အရေးကြီးတာက အာဏာသိမ်းမှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တယ်။ ဒါ့ကြောင့် အာဏာသိမ်းမှုတွေကိုလဲ မျှော်လင့်မနေသင့်ဘူး၊ ဒီလိုဖြစ်လာရင်လဲ ချီးမွမ်းမနေ သင့်ဘူး။ ဒါဟာ ဒုက္ခတွင်းထဲကလွတ်မယ့် နည်းလမ်းမဟုတ်ဘူး။ ပိုပြီးဒုက္ခရောက်မယ့်နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီသင်ခန်းစာကို မြန်မာနိုင်ငံထက် ဘယ်နေရာမှ ပိုပြီး မတွေ့နိုင်ပါဘူး။

(ဆောင်းပါးရှင် Awzar Thi ဟာ အာရှလူ့အခွင့်အရေးကော်မရှင်မှာ ၁၅ နှစ်ကျော်လုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးရဲ့ ကလောင်အမည် ဖြစ်ပါတယ်။ http://ratchasima.net က သူ့ဘလော့ဂ် ဖြစ်ပါတယ်။)

3 comments:

kojew said...

ဆောင်းပါးရှင် သဖာသီးရဲ့ ပမြင်သာဖြစ်ပါတယ်။ အဖြေမှန်လို့တော့မထင်ပါဘူး။
ဘယ် military coupe မှမကောင်းဘူးဆိုတာတော့ အားလုံးလက်ခံပါတယ်။ regime change ကြောင့် ကောင်းသွားတဲ့နိုင်ငံတွေလဲ အများကြီး ရှိပါတယ်။

shway said...

အဲဒီ blog က ဒီ post ကိုလည်း ပိတောက်မြေမှ ဘာသာပြန်ပြီး တင်ပေးစေချင်ပါတယ်။
Full, but Empty
http://ratchasima.net/2008/05/15/full-but-empty/#more-692

Hippo said...

အာဏာသိမ်းတာ လူမှာ မျိုးရိုးဗီဇလိုက်တဲ့ ရောဂါစွဲနေသလို နိုင်ငံတစ်ခုကိုဖြစ်တတ်တယ်လို့ ယူဆတယ်..
နိုင်ငံရေးအရ ဖြေရှင်းနိုင်တာသာ အကောင်းဆုံးလို့ယူဆတယ်..
၁၉၆၂ အာဏာသိမ်းအပြီး ပြန်ဖွဲ့တဲ့ အတိုင်ပင်ခံကော်မီတီမှာ ဦးနု ပြောခဲ့တဲ့စကား တစ်ခွန်းကိုအမှတ်ရတယ်..
အာဏာသိမ်းတယ်ဆိုတာ နိုင်ငံအတွက်အစဉ် အလာမကောင်းပါ.. တော်လှန်ရေးကောင်စီက သူ့ကို အာဏာပြန်အပ်ပါ.. သူကတရားဝင် အာဏာအပ်နှင်းပါမယ်တဲ့..
အရင်က အာဏာရူးသူလို့ မြင်ခဲ့တယ်..အခု တော့နည်းနည်း စဉ်းစားစရာဖြစ်လာတယ်..
NLD က Defacto အစိုးရကနေ Dejure အစိုးရဖြစ်စေရန် ကမ်းလှမ်းချက်ကလဲ သမိုင်း တစ်ပတ်ပြန်လည်သလိုထင်ရ..
ဒီတော့ Military Coupe ဆိုတာ
နိုင်ငံရေးအကြပ်အတည်းတစ်ခုရဲ့ လတ်တစ်လောထွက်ပေါက်ဖြစ်ပေမဲ့ ရေရှည်တော့ မကောင်းတာအမှန်ပါပဲဗျား။